Wednesday, September 23, 2015

သစ်ခုတ်သမားပုံပြင်


ဟိုးရှေးရှေးတုန်းကပေါ့။ အင်မတန် ခွန်အားဗလနဲ့ ပြည့်စုံတဲ့ သစ်ခုတ်သမား တစ်ယောက်ရှိတယ်တဲ့။ သူက သစ်ကုန်သည်တစ်ယောက်ဆီမှာ အလုပ်တောင်းတဲ့အခါ သစ်ကုန်သည်က သူ့ကို လိုလိုလားလားနဲ့ လက်ခံပြီး လုပ်အားခလည်း ကောင်းကောင်းပေးတယ်တဲ့။ အဲဒါနဲ့ သစ်ခုတ်သမားကလည်း အရမ်းကျေနပ်ပြီး ငါအကောင်းဆုံး လုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်သတဲ့။

အလုပ်ရှင် သစ်ကုန်သည် သူဌေးက သစ်ခုတ်သမားကို ပုဆိန်တစ်ခု ပေးပြီး သစ်ခုတ်ရမဲ့ နေရာကိုလည်း ပြတယ်တဲ့။

ပထမနေ့မှာ သစ်ခုတ်သမားဟာ သစ်ပင် ၁၈ပင် ခုတ်နိုင်တယ်တဲ့။

သူဌေးက "ဂုဏ်ယူပါတယ်ကွာ။ ဒီအတိုင်း ဆက်ကြိုးစား။" လို့ ပြောတယ်တဲ့။

သူ့အလုပ်ကို ချီးကျူးတာခံရတော့ သစ်ခုတ်သမားလည်း ပျော်တာပေါ့နော်။ အဲဒါနဲ့ နောက်နေ့ကျတော့ အလုပ်ကို ပိုပြီး ကြိုးစားလုပ်တယ်။ ဒါပေမဲ့ အဲဒီ ဒုတိယနေ့မှာ သစ်ပင် ၁၅ပင်ပဲ ခုတ်နိုင်တယ်တဲ့။

တတိယနေ့မှ အရင်ထက်တောင် ပိုပြီး ကြိုးကြိုးစားစားနဲ့ ခုတ်ပြန်တယ်။ ဒါပေမဲ့လည်း ၁၀ပင်ပဲ ခုတ်နိုင်သတဲ့လေ။

အဲလိုနဲ့ တနေ့ပြီးတနေ့ သူခုတ်တဲ့ အပင်အရေအတွက်ဟာ နည်းနည်းလာတယ်။ သစ်ခုတ်သမားက တွေးမိတယ်။ "ငါ့ခွန်အားတွေ နည်းလာတာပဲ ဖြစ်ရမယ်" လို့ပေါ့။ အဲဒါနဲ့ သူဌေးဆီသွားပြီး တောင်းပန်တယ်။ သူအလုပ်ကြိုးစားပါရက်နဲ့ ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတာ  သူနားမလည်နိုင်ကြောင်းလည်း ပြောပြတယ်။

သူဌေးက မေးတယ်။ "မင်းပုဆိန်ကို ဘယ်အချိန်က နောက်ဆုံး သွေးခဲ့တာလဲ" တဲ့။

"ပုဆိန်သွေးဖို့ ... ဟုတ်လား .. ကျွန်တော့မှာ ပုဆိန်သွေးဖို့ အချိန်တောင် မရပါဘူးဗျာ။ သစ်ခုတ်နေရတာနဲ့ပဲ အလုပ်က အရမ်းများနေတာ....."

  စာဖတ်သူပရိတ်များ ဒီပုံပြင်လေး ကို ဖတ်ပြီး အတွေးရသ တစ်ခုခုရစေမယ်လိုကမျှော်လင့်ပါတယ်။

၃၀.၀၈.၁၁
မူရင်း - Stephen Covey ၏ Busy

Credit >>> https://www.facebook.com/note.php?note_id=244479585593152





 

Friday, September 18, 2015

ယောက်ျားလေး နှင့် မိန်းကလေး တို့၏ မာယာ



ယာက်ျားလေး နှင့် မိန်းကလေး တို့၏ မာယာ axရှေးတုန်းကလူကြီးတွေ ပြောတာကြားဖူးပါတယ်...မိန်းမ မာယာသဲကိုးဖြာ၊
ယောကျာင်္း မာယာ  ..မကျည်းကိုးပင် လှုပ်ထက်ပင်များသေးသည်  ဟူသတတ်၊ (မကျည်းပင် ကိုးပင်ကို  လှုပ်သော်အခါကျလာသော မကျည်းရွက် ထက်ပင်များလွန်းသည်ဟု ဆိုလိုသည်

ဤမျှ လောက်များပြားလှသောမာယာများစွာကို ရေးသားလို့ပင်ကုန်နိုင်အုံးမည်မဟုတ်ပါ၊ယခု
 ဖော်ပြထားသည်ကတော့ ယောက်ျားလေး နှင့်မိန်းကလေးတို့၏အခြေခံကျသောမာယာတချို့ပင်ဖြစ်ပါသည်၊

ယောက်ျားလေးတို့၏ မာယာ  (သို့ ) အပြုအမှု

၁။ အမျိုးဂုဏ်ကို ပြတတ်ခြင်း။
၂။ပညာဂုဏ်ကို ပြတတ်ခြင်း။
၃။ ပစ္စည်းဂုဏ်ကို ပြတတ်ခြင်း။
၎။ဝမ်းသာဝမ်းနည်းပြုတတ်ခြင်း။
၅။ အစဉ်မပြတ် နောက်ယောင်ခံငြင်း။
၆။ အစားအသောက် လက်ဆောင်များ ပေးတတ်ခြင်း။
၇။ မြှောက်ပင့် ချီးမွမ်းတတ်ခြင်း။
၈။ အ၀တ်အစားပြောင်းလဲ ၀တ်တတ်ခြင်း။
၉။ ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြတတ်ခြင်း။


မိန်းကလေး တို့၏ မာယာ (သို့ ) အပြုအမှု

၁။ ပြုံးစစလုပ်ပြခြင်း
၂။ ခနိုးခနဲ့ပြောခြင်း
၃။ ရှက်စနိုးဟန်ပြခြင်း
၎။ မျက်စောင်းထိုးခြင်း
၅။ အသံထွက်အောင်ရယ်ခြင်း
၆။ ကြောက်ဟန်ဆောင်ခြင်း
၇။ မပွင့်တပွင့်ပြောခြင်း
၈။ ငိုခြင်း  တို့ဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : zaylinthawta

အဖိုးအိုနှင့်အာလူးခင်း


တခါတုန်းက ရွာတစ်ရွာမှာ တစ်ယောက်တည်းနေတဲ့ အဖိုးအိုတစ်ဦးရှိတယ် ။ သူ့ရဲ့ အာလူးခင်း ကို မြေတွေ တူးဆွပြီး စိုက်ပျိုးချင်ပေမယ့် သူ့မှာ ခွန်အားတွေမရှိတော့တဲ့အတွက် သူအခက်တွေ့နေရတယ် ။ ဒါနဲ့ ဟိုးအဝေး တစ်နေရာမှာနေတဲ့ သူ့သားဆီ သူ ဘယ်လိုလုပ်ရမလဲဆိုတာ လှမ်းပြီးအောက်ပါအတိုင်း အကူအ ညီတောင်း လိုက်တယ် ။

“ သား

အဖေကျန်းမာရေးသိပ်မကောင်းဘူး ဒီနှစ်ထဲမှာ အာလူးခင်းကို မြေတူးဆွပြီး ပြန်စိုက်ပျိုးဖို့ အဖေမ တတ်နိုင် ဘူးသား အဖေအဲဒီလိုမလုပ်နိုင်တာကို သိပ်မုန်းတယ်သား ဘာလို့လည်းဆိုတော့ မင်းအမေဟာ အပင်တွေကိုစိုက်ပျိုးရင်းအချိန်ကုန်ဆုံးတရာကို အရမ်းနှစ်သက်ခဲ့တယ် ။ အဖေဟာ အာလူးခင်းကို ပြန်လည်မြေ တူးဆွဖို့ အခု အသက်ကြီးလွန်းနေပါပြီ ။ အကယ်၍ သားကူညီမယ်ဆိုရင်ဆတာ့ အဖေအ ဆင်ပြေပါပြီ သားအဖေ့ ဆီလာပြီး မြေတွေကို တူးဆွပေးနိုင်မလား ။

ချစ်တဲ့ --အဖေ ”

သိပ်မကြာခင်မှာပဲ အဖိုးအိုဟာ ကြေးနန်းနဲ့ ပြန်စာတစ်ခုပြန်ရလိုက်တယ် ။

“ အဖေ

ဘုရားသခင်ကယ်ပေလို့သာပေါ့ အဖေ အဲဒီအာလူးခင်းကို မတူးဆွပါနဲ့ အဲဒီအာလူးခင်းအောက်မှာ သား လက်နက်ခဲယမ်းတွေမြုပ်ထားတယ်အဖေ

ချစ်တဲ့ -- သား ”

အဲဒီစာရပြီး နောက်တစ်နေ့ မနက်လေးနာရီမှာပဲ အဲဒီရွာကို တာဝန်ရှိသူတွေ နဲ့ ရဲအရာရှိတွေ မြို့နယ်တာ ၀န်ခံတွေရောက်လာပြီး အာလူးခင်းကြီ့းတစ်ခုလုံးကို တစ်နေရာမှ မကျန်အောင် တူးဆွပြီး လက်နှက်ခဲ ယမ်းတွေ ကို ရှာဖွေကြပါတော့တယ် ။ ဒါပေမယ့် -- ဘာကိုမှရှာမတွေ့ခဲ့ပဲ ပြန်သွားကြပါတယ် ။

အဖိုးအိုဟာ နားမလည်နိုင်စွာနဲ့ သူ့သားဆီ ဘာတွေဖြစ်ပျက်တာလဲဆိုတာမေးဖို့ စာတစ်စောင်ရေးပို့လိုက်တယ် ။ သူ့သားကစာပြန်ပို့တယ် ။

“ အဖေ

အဖေအခု အာလူးခင်းထဲသွားပြီး အာလူးတွေစိုက်ပျိုးနိုင်ပါပြီ ဒါဟာ ကျွန်တော်အဝေးကနေ အဖေ့ကို အကောင်း ဆုံးကူညီလုပ်ဆောင်ပေးလိုက်ခြင်းပါပဲ

ချစ်တဲ့ --သား ”

######################################

ကိစ္စတော်တော်များများမှာ ကျွန်တော်တို့ဟာ စဉ်းစားဆင်ခြင်ခြင်းမရှိပဲ လက်ရုံးအားကိုးဖို့ပဲ စဉ်းစားမိကြတယ် ။ တကယ်တော့ စဉ်းစား တွေးခေါ် အမြော်အမြင်ကြီးတတ်ခြင်းဟာလည်း ကိစ္စတော်တော်များများကို ခွန်အား မကုန်ဆုံးစေပဲ ဖြေရှင်းပေးနိုင်ပါတယ် ဒါကြောင့် ဘာပဲလုပ်လုပ် မလုပ်ခင်မှာ သူဘာတွေ လုပ်နိုင်သလဲဆိုတာ အရင်စဉ်းစားပါ သင် ဘယ်နေရာရောက်နေနေ သင်ဘာတွေပဲဖြစ်နေနေ အသိဥာဏ် စဉ်းစားတွေးခေါ် တတ်ခြင်း နဲ့ ကိစ္စတော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:SKB BoysGroup

 

Wednesday, September 2, 2015

သူကြွယ်နှင့် သူတောင်းစား



မူရင်း... ထိုင်ဝမ် စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee)

ကျွန်တော် အင်္ဂလန်မှာ နေတုန်းက ထူးဆန်းတဲ့ နာမည်နဲ့ ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့တယ်။ ဆိုင်နာမည်က “သူကြွယ်နှင့် သူတောင်းစား” ဖြစ်တယ်။ ဒါ ကျွန်တော် ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ စိတ်ဝင်စားစရာဖြစ်တယ်။ ဆိုင်အပြင်အဆင်က ရှေးကျပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀က အင်္ဂလန်ကို ပြန်ရောက်သွားသလို ခံစားရအောင် ခေတ်နောက်ပြန်ဆွဲ ပြင်ဆင်ထားတယ်။ ဆိုင်တံခါးဝ ကောင်တာမှာ အလှူခံသေတ္တာလေး တစ်လုံးချထားတယ်။ သေတ္တာပေါ်မှာ ဆိုမားးရီးယား(Somalia) အတွက်လို့ ရေးထားပြီး ဘေးမှာ လူမကြည့်ရက်တဲ့ အငတ်ဘေးကြုံ လူတွေရဲ့ ပိုစတာပုံ တစ်ခု ကပ်ထားတယ်။ စားသောက်ဆိုင်မှာ ဒီလိုပိုစတာ ကပ်ထားတာ နည်းနည်းတော့ အမြင်မကောင်းဘူးလို့ ထင်ပြီး ဆိုင်ထဲကို ကျွန်တော် အမြန်ဝင် ထိုင်လိုက်တယ်။ ဆိတ်ပေါင်နှပ်နဲ့ ၀ိုင်တစ်ခွက်မှာပြီး ထိုင်စောင့်နေလိုက်တယ်။ အဲလိုစောင့်နေတဲ့ အချိန်အတွင်း ဒီဆိုင်နာမည်ကို ဘာဖြစ်လို့ “သူကြွယ်နဲ့ သူတောင်စား” လို့ ပေးထားရသလဲဆိုတဲ့ ကျွန်တော်ရဲ့ သိချင်စိတ်က နှိုးထလာပြန်တယ်။ ဆိုင်ရှင်က ကျွန်တော့်ကို စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ် ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်လောက်က ဒီနေရာ တစ်ဝိုက်လုံးကို မြို့စားကြီးတစ်ဦး ပိုင်ဆိုင်ခဲ့တဲ့အကြောင်း၊ မြို့စားကြီးဟာ အသက်(၆၀)ပြည့် မွေးနေ့မတိုင်မီ တစ်ရက်မှာ ပန်းချီဆရာတစ်ဦး ရှာပြီး သူ့အိမ်နဲ့ မိသားစု အားလုံးကို ပုံဆွဲခိုင်းစေခဲ့တဲ့ အကြောင်း၊ ပုံကို ဒီဆိုင်ထဲမှာ ချိတ်ဆွဲထားတဲ့အကြောင်း ပြောပြတယ်။ ပုံကို ကျွန်တော်တွေ့တော့ ပုံထဲက သူဌေးလင်မယားက ဥပဓိရုပ် ခန့်ခန့်နဲ့ သားသားနားနားပဲ။ သူ့သားသမီးတွေက အိမ်ရှေ့ မြက်ခင်းပေါ်မှာ ထိုင်သူက ထိုင်၊ ရပ်သူက ရပ်၊ ကစားတဲ့သူက ကစားနဲ့ ပန်းချီကားထဲက ရှုခင်းက တကယ့်ပျော်စရာ အတိနဲ့ ဆွဲထားတယ်။ မွေးနေ့ပြီးတော့ မကြာဘူး.. မြို့စားပိုင်နက်ထဲမှာ ၀မ်းနည်းစရာ အဖြစ်တစ်ရပ် ပေါ်ခဲ့တယ်။ လယ်သမားတစ်ဦး သေသွားတော့ ကျန်ခဲ့တဲ့ မကျန်းမမာ ဇနီးဖြစ်သူက ကလေး(၄)ယောက်နဲ့အတူ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တယ်။ သနားစရာကောင်းတာက လယ်သမား ဇနီးဟာ ကလေးတွေစားမဲ့ အစာထဲ အဆိပ်အရင်ခတ်ပြီး ကလေးတွေ သေသွားတာကို ကြည့်ပြီးမှ ကိုယ့်ကိုယ် အဆုံးစီရင်လိုက်တာဖြစ်တယ်။ အဲဒီအဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း မြို့စားဟာ ပန်းချီကားချပ်ကိုပဲ ငေးစိုက် ကြည့်နေတော့တယ်။ ဘာကြောင့်လဲလို့ လူတွေက မေးတော့ မြို့စားက မဖြေခဲ့ဘူး။ စိတ်ပူပြီး အတင်းမေးမှ ပန်းချီကားချပ်ထဲမှာ သူတောင်းစား နှစ်ယောက်ကို တွေ့မိတဲ့အကြောင်း၊ မြက်ခင်းပြင်မှာ ထိုင်ပြီး သူတို့ဆီမှာ လက်ဖြန့် တောင်းနေတဲ့အကြောင်း၊ ဒါကို သူ့အိမ်သားတွေက မမြင်ချင်ဟန်ဆောင်ပြီး လျှစ်လျှူရှုထားတဲ့အကြောင်း ပြောပြတယ်။ ပန်းချီကားထဲက သူတောင်းစား နှစ်ယောက်ကို ဘာဖြစ်လို့ အရင်က သူ သတိမပြုခဲ့မိတာလဲ ဆိုတာကို မြို့စားကြီးက နားမလည်ခဲ့ဘူး။ ပန်းချီကားထဲက သူတောင်းစား နှစ်ယောက်ကို သူ့အိမ်သားတွေကလည်း မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ ငြင်းခုန် မနေကြဘူး။ တစ်နေ့မှာ မြို့စားက အိမ်သားအားလုံးကို သူ့စာကြည့်ခန်းမှာ စုဝေးစေပြီး စကားအချို့မှာခဲ့တယ်။ အဲဒီစကားကို သားစဉ်မြေးဆက် မှတ်သားထားရမယ်လို့လဲ ပြောတယ်။ မြို့စားေ ပာလိုက်တဲ့ စကားက ရိုးရိုးလေးပါပဲ “သေးငယ်တဲ့ နယ်နိမိတ် အတွင်းမှာ သူကြွယ်နဲ့ သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာဖြစ်တယ်။ မြို့စားရဲ့ သားစဉ်မြေးဆက် တွေကလည်း တော်ရှာပါတယ်။ သူတို့ဟာ စီးပွားရေး နယ်ပယ်မှာ အောင်မြင်သလို အားနည်းတဲ့ လူ့အဖွဲ့အစည်းကိုလည်း အမြဲတမ်း ကူညီခဲ့တယ်။ ဆိုင်ရှင်ရဲ့ ပြောပြချက်အရ အင်္ဂလန်မှာရှိတဲ့ မရှိ ဆင်းရဲသားတွေကို ကူညီစောင့်ရှောက်တဲ့ စနစ်ကို မြို့စားကြီးရဲ့ မျိုးဆက်ထဲက လူတစ်ဦးက လွှတ်တော် အစည်းအဝေးမှာ တင်ပြ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ရှင်ပြောပြတဲ့ ရာဇ၀င်ပုံပြင်ကို နားထောင်ပြီး မှာထားတဲ့ အစားအစာတွေကို အရသာခံပြီး ကျွန်တော် သုံးဆောင်လိုက်တယ်။ သောက်စားပြီး ဗိုက်ဝလို့ တံခါးနားက ကောင်တာမှာ ငွေပေးချေတော့ ဆိုမားရီးယားအတွက် ရန်ပုံငွေ ကောက်ခံတဲ့ ပိုစတာကို ကျွန်တော် ကြည့်လိုက်မိပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော့်နားထဲမှာ “ပန်းချီးကားကို နောက်ပြန်လှည့်ကြည့်လိုက်” ဆိုတဲ့ အသံတိုးတိုးကို ကြားလိုက်မိသလိုပဲ။ ကျွန်တော် နောက်ပြန်လှည့်ပြီး ပန်းချီကားကို ကြည့်လိုက်မိတော့ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ဘဲ ပန်းချီကားထဲမှာ သူတောင်းစား နှစ်ယောက်ကို တွေ့လိုက်မိတယ်။ မျက်စိကို ပွတ်ပြီး ကျွန်တော် အနီးကပ် အသေအချာ ထပ်ကြည့်မိတယ်။ တကယ်ပဲ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစား နှစ်ယောက်ကို တွေ့လိုက်တယ်။ ကျွန်တော် အာရုံစူးစိုက်ပြီး ကြည့်မိတယ်။ ငွေပေးချေနေတုန်း ပန်းချီကားထဲ ကျွန်တော် နစ်မျှောနေတာကို ဆိုင်ရှင်က တွေ့တော့ “ မစ်စတာ.. ခင်ဗျားဟာ သူကြွယ်တစ်ဦးဆိုတာ ခင်ဗျားကို ခင်ဗျားသိပါတယ်နော်” လို့ ပြောတယ်။ သူပြောတာကို ပြန်မဖြေဘဲ သဘောတူကြောင်း ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။ ပြီးတော့ အလှူခံသေတ္တာထဲ အလှူငွေတစ်ချို့ ကျွန်တော် ထိုးထည့်လိုက်မိတယ်။ ဆိုင်ရှင်က ကျွန်တော်ကို ဆိုင်တံခါးဝအထိ လိုက်ပို့ပြီး “ဂွတ်ဘိုင်.. မစ်စတာ ဘုရားသခင်က သင့်ရဲ့ ၀ိညာဉ်ကို ကောင်းချီးပေးပါစေ” လို့ နှုတ်ဆက်လိုက်တယ်။ ကျွန်တော်ခြေလှမ်း လေးငါးလှမ်း လှမ်းပြီး နောက်ကို ပြန်လှည့်ချင်လာတယ်။ ပန်းချီကားထဲမှာ ဘာဖြစ်လို့ သူတောင်းစား နှစ်ယောက်က ပါနေသလဲ..? ဒီပန်းချီကားကို မြို့စားက လူငှားပြီး ဆွဲခိုင်းခဲ့တာ မဟုတ်လား...? သူတောင်းစားပုံကို ပန်းချီဆရာက သူ့သဘောနဲ့ ဘယ်ဆွဲထည့်ရဲမလဲ...? ရုတ်တရက် ကျွန်တော် သဘောပေါက် နားလည်လိုက်ပါတယ်။ ပန်းချီကားထဲမှာ သူတောင်းစားပုံ ပါတယ်၊ မပါဘူးဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ သိထားဖို့က “သေးငယ်တဲ့ နယ်နိမိတ် အတွင်းမှာ သူကြွယ်နဲ့ သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာပဲ ဖြစ်တယ်။ နိုင်းနိုင်းစနေ ဘာသာပြန်သည်။ ကျွန်မနဲ့ အတူ လီဂျာထုံ ( Chia-Tung Lee) ရဲ့ စာကို ကြိုက်နှစ်သက်တယ်ဆိုလို့ ၀မ်းသာမိပါတယ်။ တရုတ်လို ဖတ်တတ်ရင် သူ့ရဲ့ စာတွေကို ဒီဆိုက်ထဲမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ အားရင် အားသလို ကျွန်မ ဖတ်မိလို့ ကြိုက်တဲ့ သူရဲ့ စာတွေကို ဘာသာပြန်သွားမှာပါ။ ကျေးဇူးတင်ပါတယ်။

ရေးသားသူ....... နိုင်းနိုင်းစနေ

လူကြိုက်အများဆုံး